Search:   
Home     Search     Invite     Help     Upload Signup    Login

ဆေးရုံမှာ
6:42 AM on Jul. 18, 2008
အသည်းအသန်ဖြစ်တဲ့ လူမမာ၂ယောက်ဟာ ဆေးရုံတစ်ရုံမှာ တစ်ခန်းတည်းသွားကျနေတယ်။ လူမမာ၁ယောက်က တစ်နေ့ကို ၁နာရီလောက် ကုတင်ပေါ်မှာထိုင်ခွင့်ရတယ်။ ဒါမှ သူ့အဆုတ်ထဲက အရေတွေကို ဆစ်သလိုဖြစ်နေမှာကိုး..ထိုင်ခွင့်ရတဲ့လူမမာ ရဲ့ ကုတင်က အခန်းလေးရဲ့ တစ်ခုတည်းသော ပြတင်းပေါက်ဘေးမှာရှိနေပါတယ်။ နောက်လူမမာ၁ယောက်ကတော့ တစ်ချိန်လုံးကျောခင်းနေရတဲ့ အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူမမာ ၂ယောက် တစ်ယောက်ကိုတစ်ယောက်အဖော်လုပ်ကြတယ်။
ဇနီးမယားတွေအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း ရောက်တက်ရာရာပြောရင်းနဲ့ သူတို့ရဲ့နေ့တာများကို ကျော်လွန်ဖြတ်သန်းနေကြတယ်။ ဒီလိုနဲ့ နေ့ခင်းချိန်ခါရောက်လို့ ပြတင်းပေါက်ဘေးကုတင်ပေါ်ကလူမမာ ထထိုင်ပြီဆိုတာနဲ့ သူဟာ ပက်လက်လှန်တဲ့လူမမာကို ပြတင်းပေါက်က တစ်ဆင့်သူမြင်ရသမျှပြောပြလေ့ရှိတယ်။ ခုတင်ပေါ်ပက်လက်လှန်နေတဲ့လူမမာခမျာ အဲ့တော့မှ အပြင်လောကကြီးရဲ့အရောင်တွေ အရိပ်တွေကို နားနဲ့ခံစားရင်း အသက်ဆက်နေတော့တယ်။
ပြတင်းပေါက်ကလှမ်းမြင်နေရတာကတော့ သာယာတဲ့ရေကန်လေးနဲ့ ပန်းခြံလေးတစ်ခုပါ။ ဘဲတွေငန်းတွေဟာ ရေကူးမြူးတူးနေကြသလို ကလေးတွေကလည်းသူတို့ရဲ့ စက္ကူလေတွေကို ကန်ထဲမှာ လွှတ်နေကြတယ်။ ငယ်ရွယ်တဲ့ချစ်သူစုံတွဲ တွေကတော့ လက်ချင်းချိတ်လို့ ရောင်စုံပန်းခြံကြီးထဲမှာ လမ်းလျှောက်နေကြတယ်။ ပြတင်းပေါက်က လူမမာဟာ သူမြင်သမျှအဲ့လို အသေးစိတ်ပြောပြတတ်သလို ကုတင်ပေါ်ကလူမမာကလည်း ပြောသမျှအသေးစိတ်နားထောင်ပြီး စိတ်ကူးထဲမှာ ပုံဖောနေတယ်။ တစ်နေ့ခင်းမှာတော့ ပြတင်းနားကလူနာက သူမြင်ရတဲ့ရှင်လောင်းပွဲကို ပြောပြပြန်တယ်။ အဲ့ဒီချိန်မှာစိတ်ရိုင်းက ပက်လက်လှဲနေတဲ့ လူနာရဲ့စိတ်ထဲဝင်လာတယ်။ လူမမာချင်းအတူတူ သူကအပြင်ကိုမြင်ရပြီး ငါကျတော့ အကန်းဖြစ်လို့ပါလား လို့တွေးမိတယ်။ ပထမတော့ ကိုယ့်အတွေးနဲ့ကိုယ်ရှက်သွားတယ်။ ဒီလိုတွေးမိစရာလား မနာလိုဖြစ်စရာလားလို့ပေါ့။ ဒါပေမယ့် ရက်တွေကြာလာပြီး မမြင်လိုက်ရတာတွေက များလာတဲ့အခါမှာတော့ သူ့ရဲ့မနာလိုစိတ်ဟာ မစ္ဆရိယစိတ် အဖြစ်ကို အလိုလိုပြောင်းလဲသွားပြီး ခါသီးလာတော့တယ်။ အဲ့ဒီ ခံစားချက်က ဘယ်လောက်တောင်ပြင်းသလဲဆိုရင် တစ်ချိန်လုံးသူ့ကို နှိပ်စက်နေတယ်။ ညဆိုအိပ်လို့တောင်မပျော် နိုင်ဘူး။ ပက်လက်လှဲနေသူဟာ ပြတင်းပေါက်ဘေးက ကုတင်ကိုလိုချင်တဲ့စိတ်တွေနဲ့ လုံးချာလိုက်လာပြီ။ သူ့ဘ၀မှာ ပြတင်းဘေးက ကုတင်လောက်မက်မောစရာ မရှိတော့သလိုကြီးဖြစ်လာတယ်။ တစ်ညမှာတော့ ပက်လက်လှဲနေတဲ့သူဟာ မျက်နှာကြက်ကို မမှိတ်မသုံကြည့်ရင်းနဲ့ အိပ်မပျော်တဲ့ညတွေကို ဖြတ်သန်းနေချိန်မှာ တစ်ဖက်ကုတင်ကလူဟာ ချောင်းတွေတအားဆိုးလားတော့တယ်။ သူ့အဆုတ်ကအတော် ဒုက္ခပေးနေတာမို့ ချောင်းဆိုးချိန်မှာ အဆုတ်ထဲကအရည်တွေဟာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေတယ်။ တစ်ဖက်ကုတင်က ပက်လက်လှဲနေတဲ့သူဟာ အခန်းဖော်ကို အသာလေးကြည့်လိုက်တယ်။ ချောင်းဆိုးရင်း ပြတင်းဘေးက လူမမာဟာ အရေးပေါ်ခေါင်းလောင်းဆီကို လက်လှမ်းနေတာလည်းတွေ့ရတယ်။ ပက်လက်လှဲနေတဲ့သူဟာ မလှုပ်မယှက်ငြိမ်နေတယ်။ အမှန်ဆို သူ့ကုတင်ဘေးက အရေးပေါ်ခေါင်းလောင်း ခလုတ်လေးကို လှမ်းနှိပ်ပေးလို့ ရတာကို သူမလုပ်ပေးခဲ့ဘူး။
ငါးမိနစ်လောက်တောင်မကြာလိုက်ပါဘူး။ ပြတင်းနားကလူဆီက ဘာအသံမှမကြားရတော့ဘူး။ နောက်တစ်ရက်မိုးလင်းတဲ့အခါမှာ တာဝန်ကျသူနာပြုဟာ အသက်ကင်းမဲ့သွားပြီ ဖြစ်တဲ့ အလောင်းကို အခန်းထဲကနေ ထုတ်ဖို့ စီစဉ်လိုက်တယ်။  အားလုံးနေသားကျသွားတဲ့အခါ တစ်ယောက်တည်းကျန်တော့တဲ့ လူမမာဟာ တာဝန်ကျသူနာပြုကို တောင်းပန်ပါတော့တယ်။ ပြတင်းနားက ကုတင်ပေါ်ပြောင်းပေးဖို့ပါ။ တာဝန်ကျသူနာပြု ကလည်းပြောင်းပေးလိုက်ပါတယ်။ ပက်လက်လှဲနေတဲ့လူမမာဟာ တံတောင်ဆစ်ကို အားပြုလို့ တဖြေးဖြေးအားယူပြီး ကိုယ်တစ်ပိုင်းကြွလိုက်ပါတယ်။ ပြတင်းပေါက်ကနေ အပြင်ဘက်ကို အလောသုံးဆယ်ကြည့်လိုက်တယ်.... သူမြင်လိုက်ရတာက ဘာကိုမှမရှိတဲ့ဆေးရုံ နံရံကြီးပါ။ ဘယ်လိုဖြစ်သွားတာလဲ။ သွားလေသူပြောတော့ ရေကန်နဲ့ ပန်းခြံနဲ့ ။ ပက်လက်လှဲနေတဲ့သူဟာ စိတ်ပျက်ပျက်နဲ့ ကုတင်ပေါ်ပြန်လှဲရင်း ဟိုလူဘာကြောင့် အဲ့လိုတွေပြောသွားတာလဲ ဆိုတာကို တနုံနုံတွေးနေမိတယ်။ မနေနိုင်တော့တဲ့အဆုံးမှာ သူနာပြုဆရာမကိုမေးမိတယ်။ သေသွားတဲ့အခန်းဖော်က ပြတင်းပေါက်ကိုကြည့်ပြီး ဘာလို့လုပ်ဇာတ်ခင်းသွားတာလဲလို့ပေါ့။ သူနာပြုဆရာမကပြန်ဖြေတယ်။ သွားလေသူလူမမာဟာ မျက်မမြင်တစ်ယောက်ဖြစ်တဲ့အတွက် ပြတင်းပေါက်ကနေကြည့်ရင်တောင် ဆေးရုံနံရံကို မမြင်နိုင်ရှာပါဘူးတဲ့။ "သူ ရှင့်ကိုအားပေးချင်တဲ့စိတ်နဲ့ အဲ့လိုပြောသွားတာနေမှာပေါ့ရှင့် " တဲ့။

ဒီပုံပြင်ကို နှစ်သက်သလို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
သေချာတာ တစ်ခုကတော့ ကိုယ့်အခြေအနေဘယ်လောက်ပဲဆိုးနေ တစ်ဖက်သားကို စိတ်ချမ်းသာအောင်ပြုလုပ်ပေးနိုင်ရင် ကိုယ်လည်းအများကြီးစိတ်ချမ်းသာတယ်ဆိုတာပါပဲ။ ကြေကွဲမှု ပူဆွေးမှု တစ်ဖက်သားနဲ့ မျှဝေခံစားလိုက်မယ်ဆိုရင် နှစ်ဆတိုးပြီးပျော်နိုင်ပါတယ်။
သူငယ်ချင်းတွေအားလုံးလည်း ဒီလိုလုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။


Comments (0)