 |
ပန်းသီးပင်
6:37 AM on Jul. 18, 2008
ဟိုးရှေးရှေးတုန်းက ပန်းသီးပင်ကြီး၁ပင်ရှိတယ်တဲ့။ ပန်းသီးပင်ကြီးဆီကို ကောင်လေး၁ယောက်က နေ့စဉ်လာလာ ကစားနေကြပေါ့။ အပင်ပေါ်တက်၊ ပန်းသီးတွေကို ဆွတ်ခူးစားသောက်၊ သစ်ပင်ရိပ်မှာ တစ်မှေးအိပ်၊ ကောင်လေးအတွက် ပန်းသီးပင်ဟာ အဖော်ကောင်းလို့ပဲပြောရမှာပေါ့။ ကောင်လေးက ပန်းသီးပင် ကို သိပ်ချစ်သလို၊ ပန်းသီးပင်ကြီးကလည်း ကောင်လေးကို အဖော်လုပ်ပေးနေရတာ သိပ်သဘောကျတယ်ပေါ့၊
ဒီလိုနဲ့ အချိန်တွေ တရွှေ့ရွှေ့ကုန်သွားပါတယ်... ကောင်လေးကလည်း အရွယ်လေးမသိမသာ ရောက်လာတာနဲ့ အတူပန်း သီးပင်ကြီးဆီကိုလည်း နေ့စဉ်မရောက်ဖြစ်တော့ဘူး။ တနေ့တော့ကောင်လေးဟာ ပန်းသီးပင်ကြီးဆီကို မသာယာလှတဲ့ မျက်နှာနဲ့ရောက်လာတယ်။ ပန်းသီးပင်ကြီးက သူနဲ့ကစားရအောင်ကောင်လေးကို လှမ်းခေါ်လိုက်တယ်။ "ကျွန်တော်ကလေးမဟုတ်တော့ဘူးဗျ။ သစ်ပင်တွေနဲ့ကျွန်တော် မဆော့တတ်တော့ဘူး။ အရုပ်တွေ၊ ကစားစရာတွေနဲ့ပဲ ဆော့ချင်နေတယ်၊ ခက်တာက အရုပ်တွေကစားစရာတွေ ၀ယ်ဖို့ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။" "အေးငါ့မှာလည်း ပိုက်ဆံမရှိဘူးကောင်လေးရဲ့။ ဒါပေမယ့် ငါ့အသီးအားလုံးကိုခူးပြီးပြန်ရောင်းမယ်ဆို မင်းပိုက်ဆံရမှာပါ " ဒီစကားကြားတော့ ကောင်လေးက ပျော်သွားတယ်။ ပန်းသီးခူးပြီးရောင်းလိုက်ရင် ပိုက်ဆံတွေရမှာပဲ ဆိုပြီး ပန်းသီးအားလုံးကို ခူးပြီးထွက်သွားတော့တယ်။ အဲ့ဒီနောက်မှာတော့ ကောင်လေးဟာ ပန်းသီးပင်ကြီးဆီကို တော်တော်နဲ့ မရောက်တော့ပါဘူး။ ပန်းသီးပင်ကြီးက စိတ်မကောင်းဖြစ်နေတာပေါ့။ အကြာကြီးခါမှ တနေ့တော့ကောင်လေးဟာ ပန်းသီးပင်ကြီးဆီကို ရောက်လာပါတယ်။ ပန်းသီးပင်ကြီးကကောင်လေးကို တွေ့တော့ပျော်သွားတာပေါ့။ ပန်းသီးပင်ကြီး ကသူနဲ့ ကစားဖို့လှမ်းခေါ်တယ်။ "ကျွန်တော့်မှာ ကစားဖို့အချိန်မရှိဘူး။ ကျွန်တော့်မိသားစု အတွက် အလုပ်လုပ်ရအုံးမယ်။ မိသားစုနေဖို့ အိမ်လေး၁လုံးလိုနေလို့ မကူညီနိုင်ဘူးလား" "အင်း ငါ့မှာ အိမ်တော့ ဘယ်ရှိမလဲ ဒါပေမယ့် ငါ့သစ်ကိုင်းတွေခုတ်ပြီး အိမ်ဆောက်မယ်ဆိုရင်မဖြစ်နိုင်ဘူးလား။ ခုန်ယူပါလား" ဒါနဲ့ ကောင်လေးက ပန်းသီးပင်ကြီးရဲ့ သစ်ကိုင်းတွေကို အားရပါးရခုတ်ယူပြီး ပျော်ရွှင်စွာနဲ့ ထွက်သွားသတဲ့။ ထုံးစမ်းအတိုင်း ကောင်လေးပျောက်သွားပြန်တော့ ပန်းသီးပင်ကြီး ကအထီးကျန်ပြီး စိတ်ထိခိုက်ကြေကွဲနေရပြန်တာပေါ့။ အဲ့လိုနဲ့ ပူပြင်းလှတဲ့နွေတရက်မှာ ကောင်လေးကပြန်ပေါ်လာတယ်။ ပန်းသီးပင်ကြီးကလည်းဝမ်းသာအားရနဲ့ ကစားဖို့ခေါ်တာပေါ့။ "မကစားနိုင်ပါဘူး ပန်းသီးပင်ကြီးရယ် ကျွန်တော်စိတ်ညစ်နေလို့ အသက်ကကြီးလာတော့ လှေတစ်စီးနဲ့ ရွက်လွှင့်ရင်း အေးအေးလူလူ နားချင်လိုက်တာ။ ကျွန်တော့် အတွက်လှေတစ်စီးလောက် ရှာမပေးနိုင်ကျဘူးလား " "ငါ့ပင်စည်ခုတ်လှဲပြီး လှေလုပ်လိုက်ပါလား ဘာပဲဖြစ်ဖြစ် မင်းကြိုက်တဲ့နေရာလှော်ခတ်ပြီး ပျော်နိုင်ပါလိမ့်မယ်" ဒါနဲ့ကောလေးက ပန်းသီးပင်ကြီး ရဲ့ ပင်စည်ကို ခုတ်ပြီးလှေတစ်စီး လုပ်လိုက်တာပေါ့။ လှေလည်းရရော ကောင်လေးကပင်လယ်ပြင်ကျယ်ကြီးကို ရွက်လွှင့်လိုက်တာ တော်တော်နဲ့ ပြန်မလာတော့ဘူး။ အဲ့ကနေ နှစ်ပေါင်းများစွာ ကြာတဲ့အခါ ကောင်လေးပြန်ရောက်လာပါတယ်။ "ဒီတစ်ခါတော့ ငါမင်းကိုပေးစရာဘာမှ မရှိတော့ဘူး ပန်းသီးတွေလည်းကုန်ပြီ" "ကျွန်တော့်မှာ ပန်းသီးကိုက် နိုင်တဲ့သွားတွေလည်းမရှိတော့ပါဘူးဗျာ" " မင်းတွယ်တက်ဖို့ သစ်ကိုင်းလည်း ငါ့မှာမရှိတော့ဘူး" "ကျွန်တော်လည်း သစ်ပင်မတက်နိုင်တော့ဘူး အိုပြီဗျာ" "မင်းကို ပေးစရာ ဘာဆိုဘာမှမကျန်တော့ဘူး ကောင်လေး ငါ့မှာကျန်တာဆိုလို့ သေတော့မယ့်အမြစ်တွေပဲ ရှိတော့တယ်နော်" ပန်းသီးပင်ကြီးပြောရင်းနဲ့ မျက်ရည်လည်လာတယ်။ကောင်လေးကပြန်ပြောတယ် "ကျွန်တော်လည်းဘာမှ မလိုချင်တော့ ပန်းသီးပင်ကြီးရယ်။ ကျွန်တော်လို ချင်တာ နားခိုစရာနေရာလေး တစ်ခုပါပဲ။ ကျွန်တော့်ဘ၀မှာ ပင်ပန်းလှပါပြီ" "ဒါဆိုအတော်ပဲပေါ့။ သစ်ပင်အိုကြီးရဲ့ အမြစ်ဆိုတာ မှီလို့အုံးလို့ကောင်းတဲ့ နားခိုစရာအစစ်ပဲလေ။ ထိုင်ကွာ ငါနဲ့ အတူထိုင်ပြီး မင်းစိတ်တိုင်းကျ နားလိုက်စမ်းပါ" ကောင်လေး ပန်းသီးပင်အမြစ်ဘေးမှာ ထိုင်ချလိုက်ပါတယ်။ ပန်းသီးပင်ကြီးမျက်ရည်တွေ ကြားမှာ ကြည်ကြည်နူးနူးပြုံးလိုက်ပါတယ်။ ပန်းသီးပင်ကြီးဆိုတာ ကျွန်တော်တို့ ဖေဖေမေမေပါပဲ။ ငယ်ငယ်တုန်းက ဖေဖေမေမေနဲ့ ကစားခဲ့တာ ကျွန်တော်တို့ဘယ်လောက်ပျော်ခဲ့ရလဲ။ အဲ အရွယ်လေးလည်းရောက်လာကြရော ကျွန်တော်တို့လည်း ဖေဖေနဲ့မေမေကို ထားရစ်ခဲ့ကြတာပါ။ ကိုယ်လိုချင်တာလေးရှိမှ ကိုယ့်မှာဒုက္ခကြုံလာတော့မှ ပြန်ရောက်ရတော့တာပဲ။ မိဘဆိုတာလည်း သူတို့မှာ ရှိသမျှတွေကိုပေးရင်း ကိုယ့်သားသမီးစိတ်ချမ်းသာအောင်ဆောင်ရွက်ပေးကြတဲ့သူချည်းပါပဲ။
ပုံပြင်ထဲကကောင်လေးဟာ ပန်းသီးပင်ကြီးပေါ်ရက်စက်တယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့်ကျွန်တော်တို့ အားလုံးရော ကျွန်တော်တို့ မိဘပေါ်မှာ ဒီလိုပဲဆက်ဆံဖြစ်ခဲ့၊ ရသမျှအကုန်ယူခဲ့ကြတာချည်းပဲ မဟုတ်ပါလား။
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပြောပြကြပါ။ ပြီးရင် ကိုယ့်မိဘတွေကို ရိုသေချေငံစွာ ချစ်ခင်မြတ်နိုးစွာဆက်ဆံ နိုင်အောင်ကြိုးစားကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။
|