Search:   
Home     Search     Invite     Help     Upload Signup    Login

ဝေဒနာမှတ်တမ်း
10:30 AM on Jul. 13, 2008
လောကနဲ့ဘဝ
ထပ်တူ ထပ်မျှဖြစ်နေတဲ့ လမ်းမှာ
ကျွန်တော်ပြန်လာတော့
ရွှံ့ဗွက်တွေ တစီစီထနေပြီ အမေ …………..
ကိုယ့်ကိုယ်ကို ဆွဲထူရုန်းကန်နေရတဲ့ အဖြစ်မှာ
ကံတရားက ခွာနာလျှာနာဖြစ်လို့
ဆေးထိုးသတ်ခံလိုက်ရတဲ့ ပုံစံ………
ဘယ်လို ကြိုးစားကြိုးစား
ယိမ်းယိုင်သွားတဲ့ခြေလှမ်းက
ဝဋ်နာ ကံနာ ခြေလှမ်းမျိုး ……
ကျွန်တော် အလွတ်ရပြီးသား ဂါထာတစ်ပုဒ်ကို
ခဏခဏရွတ်ဆိုလိုက်မိတဲ့ ပါးစပ်နဲ့
အခက်အခဲက အသက်သွင်းပြီးသား ဖြစ်မလာဘူး…………
အမြဲတမ်း ရွတ်ဆိုမိတဲ့ဂါထာနဲ့ ကံတရားကို
ရေဆာသလို ဆာတယ်အမေ ။


တစ်ချို့က သံဝေဂတွေ ၀ါးလို့
တစ်ချို့က နောင်တနဲ့ ပြန်လာကြတဲ့လမ်းမှာ
ကျွန်တော့်လက်ဖ၀ါးတွေ ပြန်ကြည့်တော့
သုညတွေချည်းပဲ အမေ ……………..
အဲ့ဒီဘ၀နဲ့ ကျွန်တော့ဝေဒနာတွေ
ပျစ်ခဲနေပြီ အမေ …………
အဖြစ်နဲ့ အပျက်တရားမှာ
ပြည့်ပြည့်စုံစုံ မျှော်လင့်ချက်ကို
ဖမ်းဆီးထိန်းသိမ်းလို့မရတဲ့ အဲ့ဒီဘ၀နဲ့
ကျွန်တော့်ဝေဒနာတွေ ပျစ်ခဲ့နေပြီ အမေ………..
အပြီးမသတ်သေးတဲ့ လူ့ဘ၀မှာ
လမ်းလျှောက်ရင်း ရောဂါရခဲ့တဲ့သူတွေက
ကယောင်ကတမ်းနဲ့ တိုးတိုးလေး ညည်းတွားလို့
စိုးရိမ်ခဲ့ရတယ် အမေ …………..
မနက်ဖြန်
သေခြင်းတရားကို နာရေးကူညီမှုအသင်းနဲ့ပဲ
ဖြေသိမ့်လိုက်မယ် အမေ ။


ကျွန်တော့်ရာဇ၀င်နဲ့ ဇာတ်ဝင်ခန်းမှာ
ကံကြမ္မာက ကြိုးပြတ်ကျွဲလို ခတ်ခဲ့သည်ဖြစ်စေ………..
ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားက
လက်ညှိုးတကားကားနဲ့ ပစ်ခတ်ကြသည်ပဲ ဖြစ်စေ……..
အမှန်တရားအတွက်ဆို
ကျွန်တော် ပီကေ၀ါးတယ် အမေ ……………..
နာကျင်စွာရိုက်ခတ်လာတဲ့ စကားလုံးတွေက
ကျွန်တော့်ကိုယ်ပေါ်မှာ ကြမ်းရှ
ဒုက္ခနဲ့ အလုံးစုံပြည်ဝတဲ့ ၀ပ်ကျင်းထဲမှာ
အသက်ရှုနေရတဲ့ဘ၀က ဗလာချည်းပဲ အမေ ။


လူဖြစ်လာတဲ့ ဒီဘ၀မှာ
သောတပန်လေး နည်းနည်းဖြစ်ချင်တာရယ်…….
လူဖြစ်လာတဲ့ ဒီအခန်းမှာ
သက္ကဒါဂါမ်လေး နည်းနည်းဖြစ်ချင်တာရယ်……..
လူဖြစ်လာတဲ့ ဒီပစ္စုပ္ပန်မှာ
အနာဂါမ်လေး နည်းနည်းဖြစ်ချင်တာရယ်
ဖြစ်ခွင် မကြုံခဲ့ဘူး အမေ………………
ဘယ်ဖြစ်ခွင့်ကြုံမလဲ အမေ
နွံနစ်နေတဲ့ဘ၀…. ဘ၀များစွာမှာ
ကိုယ်တစ်ယောက်တည်း ရိုးသားမှုတွေ ထိန်းသိမ်းပြီး
အရုဏ်တက်နေလို့ ဘယ်ဖြစ်မလဲ…………..
အတ္တဆိုတာ
လူတိုင်းထွန်းညှိထားတဲ့ ဖယောင်းတိုင်ပဲ ….
အဲ့ဒီ ရိက္ခာတွေ
ကျွန်တော့်မှာ ရှိနေပြီလား…….
အသေအချာ စမ်းသပ်ကြည့်တော့
အမှန်တရားကို ဘယ်ဘက်နဲ့ပဲ ၀ါးဝါး
ကျေညက်သွားတဲ့သစ္စာတရားကိုတော့
ဝတ်ပြု မကိုးကွယ်ချင်ဘူး အမေ ……………….
ကိုယ်ပိုင်အတ္တထက်
သာလွန်တဲ့ အတ္တဟာ
တစ်နေ့ချောင်ပိတ်ရိုက်ခံရမယ့် စီရင်ချက်တစ်ခု…….
ပြုပြုသမျှ အကုသိုလ်ဟာ
မိုးဦးကျမြက်တွေလို ရိတ်သိမ်းလည်း ခဏပဲ ……..
အပြည်ပြည်ဆိုင်ရာ ငရဲလို စိမ်းလန်းနေတယ် အမေ ။


အရာရာခပ်သိမ်း
မငြိမ်းချမ်းတဲ့ အပြန်လမ်းမှာ
ဘယ်ကံတရားမှ ကျွန်တော့်ဆီကို
ဖြောင့်ဖြောင့်တန်းတန်း ၀င်မလာခဲ့ဘူး …………
ခပ်မွဲမွဲဇာတာနဲ့
ကိုယ်ဝန်ဆောင်ယောက်ျားတစ်ယောက်ရဲ့
သန္ဓေပျက်ဘ၀ကိုမှ
တစ်ချို့က မီးထိုးပေးမယ် ……..
တစ်ချို့က
ကဝေဆန်ဆန် ယဉ်ကျေးမှုနဲ့ နှုတ်ဆက်တယ်……….
တကယ်တော့ အန်ချင်စရာကောင်းတဲ့
လူ့ဘ၀ကြိုးဝိုင်းထဲမှာ
ဘယ်သားသတ်သမားမှ
မေတ္တာတရားရှေ့ထားပြီး
ဓါးကိုင်ခဲ့ကြတာ မဟုတ်ဘူး အမေ……….


အဲ့ဒီလို အခြေအနေနဲ့
ဦးထုပ်ချွတ်လိုက်တဲ့ ဘ၀က
ထီးဆောင်းခွင့်မရတဲ့ အဖြစ်မျိုး……….
အဲ့ဒီလို အခြေအနေနဲ့
ကိုယ့်ကိုယ်ကို ခလုတ်တိုက်လဲသူတွေမှာ
မူးလို့ ရှုစရာမရှိတဲ့ အဖြစ်မျိုး……..
အဲ့ဒီလို အခြေအနေနဲ့
မီးကျိုး မောင်းပျက်မေတ္တာနဲ့
ချော့မြူခံခဲ့ရတာပေါ့ အမေ ။


ဒီလိုကံခေခြင်း နိမိတ်
ကြိတ်မှိတ်အိပ်စက်ခဲ့ရတဲ့နှစ်တွေနဲ့
လူဖြစ်ခဲ့ရတဲ့ ဖြစ်ဖြစ်သမျှဘ၀ကို
အမျှဝေပေးခဲ့ရတယ်……….
ကောက်ကွေ့ ရှည်လျားတဲ့ဝဋ်ကြွေးက
လက်စလက်န ညံ့ဖျင်းတဲ့ အကုသိုလ်နဲ့ကျွန်တော့်ဆီ
ရောက်လာတာလား အမေ ………
နားမလည်နိုင်တော့ဘူး အမေ
စီရင်ချက်ချခံလိုက်ရတဲ့ လူ့ဘ၀မှာ
ဘယ်ကုသိုလ်၊ ဘယ်အကုသိုလ်နဲ့မှ
အိမ်နီးချင်းကောင်း မပီသချင်တော့ဘူး …………
မဟုတ်တယုတ် ပရိယာယ်နဲ့
အမြင်ကျဉ်းမြောင်းတဲ့ လူကွဲမူကွဲတွေနဲ့
ပေါက်လွှတ်ပဲစား မဆက်ဆံချင်တော့ဘူး………
အမေစိုက်တဲ့ သစ်ပင်လေး
ဒီဘ၀မှာ အသီးမရွှန်လည်း
လောကဓံရဲ့ အညှင်းအဆဲကို
အထုအထောင်း ခံလိုက်ဦးမယ် အမေ ။


ကိုယ့်ကိုယ်ကို ထမ်းပိုးရင်းတက်ခဲ့ရတဲ့အခိုက်
နစ်မွန်းမောဟိုက်သွားတဲ့ အနာဂတ်ဟာ
အိပ်မက်ဖြစ်ခဲ့ရတယ် ………
ကျေရာကျေကြောင်း ဆုတောင်းရင်း
ကံသီလို့စားခဲ့ရတဲ့ ထမင်းတစ်လုတ်က
မိုးသည်းည သန်းခေါင်းယံပါ…………..
အာဟာရက ၀ါယာကြိုးလျှော့ဖြစ်ပြီး
လုပ်ကြံခံရတယ်…………..
ရှင်သန်ခြင်းကို
တရွတ်ဆွဲခေါ်လာကြတဲ့ လူတွေထဲမှာ
ကျွန်တော်လည်း ပါတယ် အမေ ။


ကိုယ့်ရှိမှ ပြည်ရှိမယ့်ဘဝ
ကိုယ့်မရှိရင် ပြည်မရှိဘူးဆိုတဲ့ ပုံဆောင်ခဲထဲမှာ
ငွေဆိုတာ
Second Godis The Money တဲ့လား အမေ ……………..
တကယ်တော့
ကျွန်တော်နဲ့ အကုသိုလ်ဟာ
သမုဒ္ဒရာ ၀မ်းတစ်ထွာမှာ
ဖောင်ပျက်ပြီး လက်ပစ်ကူးနေတဲ့အချိန်
မနက်စာအတွက် ၀တ်ပြုဆုတောင်းနေတဲ့ …..အိမ်…..အိမ်……..
မရှိမဖြစ် လိုအပ်နေတယ် အမေ …………………………………..
အဲ့အချိန်မှာ
တင်းမာဖောင်းကားနေတဲ့ မယဉ်ကျေးတဲ့
ယဉ်ကျေးတဲ့ လူတစ်ချို့ဟာ
မျက်နှာဖုံးစွပ် က နေကြတယ် ……………
အဲ့အချိန်မှာ
သဘောထားပြည့်ဝချင်တဲ့
သဘောထား မပြည့်ဝသူတစ်ချို့ဟာ
သားစပ်ခြံထဲ ၀င်ခဲ့ကြတယ် ………………
အဲ့အချိန်မှာ
ကယ်တင်လိုတဲ့
မကယ်တင်လိုတဲ့ လူတစ်ချို့ဟာ
ခေါင်းလျှိုဝင်ခဲ့ကြတယ်…………………….
ပြီးတော့
နတ်ဒေ၀ါတွေလို
ဂုဏ်သိက္ခာတွေ အလွတ်ကျက်ပြီး
ဟစ်အော် ခဲ့ကြတယ် အမေ ။


အောက်သိုးသိုးရနံ့နဲ့
အရုဏ်တက်နေတဲ့ လူထက်စာရင်
ဝဋ်ကြွေးဆိုတာ
ကျွန်တော်ခံစားဖို့ ပေါက်ဖွားလာတဲ့
ငရဲလား အမေ …………………
သူလိုကိုယ်လို ခံစားကြရင်း
နောင်သံသရာအတွက်
ကိုယ့်အတ္တနဲ့ ကိုယ့်ရိက္ခာတွေ
ထပ်ဖြည့်နေကြတဲ့လမ်းမှာ
အနံ့မခံနိုင်လို့
နှာခေါင်းပိတ်ထားရတယ် အမေ……………………
ဒါပေမယ့်
ကျွန်တော်ဟာ သူတော်စင်အရေခြုံထားတဲ့
ဝံပုလွေ မဟုတ်သလို
သိုးရေခြုံထားတဲ့ အာဂန္တုတစ်ပါးလည်း မဟုတ်ခဲ့ဘူး…………
တစ်ခါတစ်လေ
သူတစ်ပါးကြည့်ပြီး
ကိုယ်က အားမလို အားမရ ဖျားနာနေရတဲ့ ကောင်ပါ………….
အဲ့ဒီအချိန်ခါမျိုးမှာ
ကျွန်တော့်သိက္ခာကို
သားစပ်ခြံထဲ ထည့်မထားခဲ့ဘူး အမေ ။


ညအိပ်ရာဝင်ရင် ဆုတောင်းတယ်
ကျွန်တော့်ဝဋ်ကြွေးတွေ မိုးစဲပါစေပေါ့………
ကြိုးစားကြည့်တယ်
ရိုးသားယောင်ဆောင်ထားတဲ့ လူပုဂ္ဂိုလ်တွေရှေ့မှာ………..
တကယ်တော့
ရိုးသားမှုဆိုတာ ဘုရား၊ရဟန္တာမှ တစ်ပါး
ဘယ်သူက ပီကေ၀ါးသလို ၀ါးခဲ့လို့လဲ…………
အထူးညံ့တဲ့ ဇာတာနဲ့
အဖျားအနာမျိုးစုံ ရလာခဲ့တယ် ….
ဖားတွေ တရစပ်အော်မြည်နေတဲ့ ရာသီမှာ
ကံတရားက ကြက်ခြေခတ်ခံလိုက်ရတဲ့ ဝေဒနာနဲ့
သေဆုံးလို့……………….
ခွဲစိတ်ကြည့်ရင်
ဘာရောဂါမှန်း မသိတဲ့အဖြစ်……….
နွံနစ်နေတဲ့ နှစ်များစွာမှာ
အတောင်ဆန့်ခွင့်မရတဲ့ ဘ၀က
သူရဲကောင်းဖြစ်မလား အမေ ။


ဝဋ်ကြွေးရဲ့ သွေးခဲခြင်းဝေဒနာမှာ
ကာကွယ်ဆေးလိုတယ်……………
ရှင်သန်ခွင့်အတွက်
လွတ်မြောက်ခြင်းလိုတယ်…………
အမှန်တရားအတွက်
ရိုးသားခြင်းလိုတယ်…………………
ကယ်တင်ခြင်းအတွက်
ဥာဏ်ပညာတွေလိုတယ်…………..
လိုတယ် အမေ……..
လိုနေတယ် အမေ……
လိုအပ်နေတယ် အမေ..
ကြိမ်ဒဏ်အောက်က သိုးတွေအတွက်
အလင်းသစ်လိုအပ်တယ် အမေ ။


သွေးကြောထဲက ဝေဒနာတွေ
လျှောကျသွားဖို့အတွက်
နူးညံ့တဲ့ မေတ္တာတရားရှိမှဖြစ်မယ်…….
အနှစ်သာရမဲ့ မုသာဝါဒကို ရှောင်မှဖြစ်မယ်……..
အလင်းလိုချင်ရင် မှောက်မိုက်ခြင်းကို ခွဲခြားသိမြင်မှဖြစ်မယ်……..
ကိုယ့်ဇာတ်ကို ကိုယ်မီးထွန်းကြည့်လိုက်တော့
တနင်္ဂနွေနဲ့အတူ
ဆရာဝန်တစ်ဦး ရောက်လာတယ်…….
ဘုန်းကြီးတစ်ပါးရောက်လာတယ်……
အိမ်ရှေ့က နေလယ်စာ စားနေတဲ့
သံဝေဂတွေရောက်လာတယ်…………
နှလုံးသားက မသာမယာနဲ့
နောင်တတွေ ရောက်လာတယ်……….
ခြေဆုံးခေါင်းဆုံးကြည့်ပြီး
ဘ၀မှန်ကို သံသယနဲ့ ၀ိုင်းကြည့်နေတယ် အမေ……
ရုံဝင်ခ မပေးရတဲ့
မျောက်တစ်ကောင်ကို ကြည့်တဲ့အကြည့်မျိုးနဲ့ပေါ့ ….
အခုတော့
သူသေဆုံးသွားပြီ……..
နာရလွန်းတဲ့ ဝေဒနာနဲ့
သူသေဆုံးသွားပြီ အမေ………….
အရှုံးပေးရင်း သေဆုံးသွားတယ်….
မေးခွန်းမေးရင်း သေဆုံးသွားတယ် အမေ ။


မနက်ဖြန်ဟာ
ဆိုးဝါးညံ့ဖျင်းတဲ့ အာဟာရအတွက်
ကျွန်တော်ခရီင်္းထွက်ရဦးမယ် ………
နွေးထွေးမှုမရှိတဲ့ မျှော်လင့်ခြင်းကို
အထပ်ထပ်ချုပ်ဝတ်ထားတဲ့ သောကနဲ့ပေါ့…..
စိုးရိမ်စရာတော့ မရှိတော့ပါဘူး
အခုခေတ်စားနေတဲ့ ဗျာပါဒနဲ့ပဲ
ခရီးဆက်မယ် အမေ………..
ဘယ်ဝမ်းနည်းမှုမှ
ကျွန်တော့်အိပ်ကပ်ထဲ ထည့်မထားတော့ဘူး…….
အနိစ္စဘုံသားမို့
ဘယ်ဝမ်းနည်းမှုမှ ကျွန်တော့်အိတ်ကပ်ထဲ
ထည့်မထားတော့ဘူး အမေ………..။……………..။


Comments (0)