Search:   
Home     Search     Invite     Help     Upload Signup    Login

ဝင်းဂါး တစ်ခုခုတော့ ဆုံးဖြတ်ရတော့မ
11:11 PM on Jul. 5, 2008
alt
ဒီရာသီအကုန် အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ပရီးမီးယားလိဂ်အသင်းကြီး(၂)သင်းဖြစ်တဲ့ မန်ယူနဲ့ ချယ်လ်ဆီးတို့ကြားမှာ တော်တော်လေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်။ ဈေးကွက်ထဲမှာ ကစားသမားသစ်တွေ အားဖြည့်နိုင်ဖို့အသာထား၊ ကိုယ့်အသင်းမှ ကစားသမားတွေ ပါမသွားအောင် မနည်းကြိုးစားထိန်းနေရတယ်။ မန်ယူဆိုရင် စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့အသံတွေကြောင့် အခက်တွေ့နေရသလို အာဆင်နယ်ဆိုရင်လည်း အသင်းမှ အဓိက ကစားသမားတွေ ထွက်မယ် တကဲကဲ လုပ်နေကြလို့ အကျပ်ရိုက်သလိုဖြစ်နေတယ်။

အထူးသဖြင့်တော့ မန်ယူထက်စာရင် အာဆင်နယ်က ပိုဆိုးတယ်။ မန်ယူမှာက ရော်နယ်ဒိုတစ်ယောက်တည်းမို့လို့ ကိုင်တွယ်ရတာ သိပ်မခက်ခဲလှပေမယ့် အာဆင်နယ်မှာတော့ တစ်ယောက်မကဘူး။ ရာသီ ကုန်ကုန်ချင်းမှာ ဖလာမီနီကို လက်လွှတ်လိုက်ရသလို အခုလည်း လှပ်ဘ်နဲ့ အဒီဘာရော တို့က ထွက်မယ်ချည်း ပြောနေကြတယ်။ ဒီကြားထဲမှာ ဗန်ပါစီကလည်း လစာတိုးတောင်းနေလို့ အာဆင်နယ်အနေနဲ့ အခုအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကို မနည်းထိန်းရမယ့်ပုံပေါ်နေတယ်။

ပရီးမီးယားလိဂ်ကို ရုရှားသူဌေး မိုဗစ်ခ်ျရောက်လာပြီးကတည်းက အင်္ဂလန်အသင်းတွေကြားမှာ အတော်လေး အပြောင်းအလဲဖြစ်ကုန်တယ်။ နိုင်ငံခြားသား သူဌေးတွေ ပရီးမီးယားလိဂ်ကို တစ်ယောက်ပြီးတစ်ယောက်ရောက်လာ၊ တစ်သင်းပြီး တစ်သင်း ပိုင်ဆိုင်လာကြပြီးတဲ့နောက်မှာ ကစားသမားတွေကို အပြိုင်အဆိုင်ခေါ်ယူလာကြတယ်။ ကစားသမားတွေအတွက် လစာကအစ အခွင့်အရေးတွေလည်း ပိုကောင်းလာကြတယ်။ ဒီမှာတင် အာဆင်နယ်အခက်တွေ့တော့တာပဲ။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ငွေကြေးကို စိစစ်သုံးစွဲတဲ့အသင်း၊ ကစားတွေကို ခေါ်ယူတာကအစ၊ လစာပေးတာကအဆုံး ငွေကြေးသုံးစွဲရာမှာ သတိထားပြီး သုံးလေ့ရှိတယ်။ အထူးသဖြင့် ကစားသမားတွေရဲ့လစာကိုလည်း ဘယ်လောက်အတိုင်းအတာထက် ပိုမပေးနိုင်ဘူးဆိုတဲ့ စည်းမျဉ်းမျိုးလည်း ထုတ်ထားတယ်။

ဒီလိုနဲ့ အခြားအသင်းတွေက ထိပ်တန်းကစားတွေရဲ့ လစာနဲ့ယှဉ်လိုက်ရင် အာဆင်နယ်ကစားတွေရဲ့လစာက သိသိသာသာကိုနည်းနေတဲ့အထိ ဖြစ်လာတဲ့အခါမှာတော့ ကစားသမားဘက်က မခံနိုင်ကြတော့ဘူး။ ဒီမှာတင် အဒီဘာရောက သူ့လစာကို (၄)ဆလောက် တိုးပေးဖို့၊ ဗန်ပါစီကလည်း အာဆင်နယ်အသင်း အောင်မြင်ချင်ရင် ကစားသမားတွေရဲ့လစာကို တိုးပေးဖို့အထိ တောင်းဆိုတာမျိုးတွေ ဖြစ်လာခဲ့တယ်။ အဒီဘာရောလို ကစားသမားတစ်ယောက်ဘက်ကကြည့်ရင်လည်း သူများတွေ (၇)သောင်း၊ (၈)သောင်း၊ (၉)သောင်၊ (၁)သိန်း ရနေတဲ့အချိန်မျိုးမှာ သူကတစ်ပတ် (၃)သောင်းပဲရနေတော့ ပေါက်ကွဲရင်လည်း ပေါက်ကွဲချင်စရာပဲ။ ဒီတော့ အသင်းပြောင်းမယ်ဆိုတဲ့အထိ ဖြစ်လာတာ မဆန်းဘူး၊ အခု သူပြောင်းဖို့စဉ်းစားနေတဲ့ မီလန်၊ ဘာစီလိုနာ စတဲ့အသင်းမျိုးတွေမှာက (၃)သောင်းဆိုတာ လူငယ်အရန်ကစားသမားတစ်ယောက်ရနေတဲ့ လစာကြေးလောက်ပဲ ရှိတယ်မဟုတ်လား။ လက်ရှိခြေစွမ်းနဲ့ဆိုရင် ဒီအသင်းကြီးတွေမှာ သူအာဆင်နယ်ကို တောင်းနေတဲ့လစာလောက်က အသာလေးရနိုင်တယ်လေ။ ဒီတော့ အဒီဘာရော အာဆင်နယ်ကိုထားခဲ့ချင်ပြီပေါ့။

အသင်းရဲ့လစာပြဿနဲ့ အသင်းမှထွက်ဖို့ကြံနေတဲ့သူတွေများလာလို့ အဓိကခေါင်းခြောက်ရမယ့်သူက အာစင်ဝင်းဂါး၊ သူလည်း တကယ်တော့ ဒေးဗစ်ဒိန်း အသင်းမှထွက်သွားပြီးကတည်းက အာဆင်နယ်ကို တည်ငြိမ်အောင် မနည်းကိုင်တွယ်နေရတယ်။ လက်ရှိဘုတ်အဖွဲ့ရဲ့ စည်းမျဉ်းတွေမရ သူ့အနေနဲ့ ကစားသမားတွေကို ကိုင်တွယ်ရခက်တာမှန်ပေမယ့် သူကိုယ်တိုင်ကလည်း အသင်းရဲ့မန်နေဂျာကောင်းတစ်ယောက်ပီပီ၊ ရပ်တည်ပြချင်တဲ့သူဆိုတော့ လက်ရှိအနေအထားကို အကောင်းဆုံးဖြစ်အောင် သူ ကိုင်တွယ်ပြသွားမှာ သေချာတယ်။ သူကိုင်တိုင်ကလည်း မန်နေဂျာကောင်းတစ်ယောက်ဆိုတာ အသင်းကို ကွင်းအတွင်းမှာ အောင်မြင်မှုရရုံတင်မကဘူး၊ ကွင်းအမြင်ဘက်မှာလည်း ငွေရေး ကြေးရေးဘက်မှာ အမြတ်အစွန်းရအောင် လုပ်ပြရလိမ့်မယ်၊ ဒါမှလည်း မန်နေဂျာကောင်းလို့ ဆိုနိုင်တယ်လို့ ပြောခဲ့သလိုပဲ သူ့လက်ထဲမှာ အာဆင်နယ်ကို ကွင်းတွင်း ကွင်းပြင် အကျိုးအမြတ်တွေရအောင် လုပ်ပြခဲ့တဲ့သာဓကတွေ အများကြီးရှိခဲ့တယ်။

လူငယ်တွေမွေးတယ်၊ သူ့လက်ထဲမှာ အရောင်တင်ပေးတယ်၊ အာဆင်နယ်က ပြန်ရောင်းထုတ်လိုက်တဲ့ ကစားသမားအများစုကိုကြည့်ရင် အသင်းအတွက် ငွေကြေးအရ အမြတ်ထွက်တဲ့သူက ပိုများတယ်။ အနယ်လ်ကာ၊ ဗီအဲရာ၊ အွန်နရီ အားလုံးအသင်းမှာ မနေချင်ရင် မတားဘူး၊ ရောင်းမယ်၊ အသင်းအတွက်လည်း အကျိုးရှိရမယ်ဆိုတဲ့မူကို ၀င်းဂါးကျင့်သုံးခဲ့တာ ကြာပါပြီ။ နောက်ပြိး ၀င်းဂါးဟာ ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံးအချိန်နဲ့ နောင်ဖြစ်လာနိုင်မယ့် အနာဂတ်ကို ကြိုတွက်ရာမှာလည်း ကျွမ်းကျင်တယ်။ ဒါကြောင့် အသင်းကို ဘယ်လောက်ပဲ အကျိုးပြုခဲ့တဲ့ ကစားသမားဖြစ်ပါစေ၊ အဲ့ဒီကစားသမားက အသင်းမှာ မကစားချင်တော့ဘူး၊ တစ်ဘက်မှာလည်း ငွေကြေးအရ အကျိုးအမြတ်ရှိမယ်ဆိုရင် ရောင်းထုတ်ဖို့ ၀န်မလေးဘူး။

အာဆင်နယ်က ထွက်သွားရတဲ့ ကစားသမားတွေကို ကြည့်လိုက်ရင်လည်း တခြားအသင်းရောက်သွားရင် အာဆင်နယ်မှာတုန်းကလောက် ခြေစွမ်းမပြနိုင်ကြတော့ဘူး။ သူတို့ရဲ့ အစွမ်းအစရှိသမျှကို အာဆင်နယ်မှာ ၀င်းဂါးက အကုန်လုံးညှစ်ပြီး ယူထားလိုက်သလို ဖြစ်နေတတ်တယ်။ ဒါကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာတော့ ၀င်းဂါးဟာ က၀ိကြီးတစ်ယောက်လို နာမည်ကြီးတယ် ။

ဒါပေမယ့် ဒီတစ်ခါတော့ အရင်လို အခြေအနေမျိုးမဟုတ်ဘူး။ အရင်က တစ်ယောက်စ နှစ်ယောက်စလောက်ပဲ အသင်းက ထွက်ချင်ပေမယ့် အခုတစ်ကြိမ်မှတော့ ကစားသမားတော်တော်များများက အသင်းကို ထားရစ်ခဲ့ချင်နေကြပြီ။ ဒီတော့ ၀င်းဂါးလည်း အသင်းကို သတိထားကိုင်တွယ်ရမလို ဖြစ်နေတယ်။ လက်ရှိအသင်းဟာ ၀င်းဂါးလက်ထဲ အသားကျနေတဲ့အသင်းဖြစ်လို့ ဒီအသင်းက အဓိက ကစားသမား(၄)ယောက် ၊ (၅)ယောက်လောက် ထွက်သွားခဲ့ရင် ၀င်းဂါးအနေနဲ့လည်း ကစားသမားသစ်တွေ ထပ်ဖြည့်ပြီး အသင်းကို အသားကျအောင် ပြန်အချိန်ယူ တည်ဆောက်ရဖို့ရှိနေတယ်။ နောက်ပြီး ကွင်းအတွင်းမှာ အာဆင်နယ်အောင်မြင်မှု မရတာလည်း ကြာနေပြီဆိုတော့ နောက်ထပ် အသင်းကိုအသစ်ဖွဲ့စည်းနေပြန်ရင်လည်း အောင်မြင်မှုမရနိုင်မယ့်အချိန်တွေ ပိုကြာသွားနိုင်တယ်။ ဒါဆို သူ့ရဲ့ အနာဂတ်ကိုပါ ထိခိုက်လာနိုင်တယ်ဆိုတာ ၀င်းဂါးကောင်းကောင်း သဘောပေါက်နေမှာ သေချာတယ်။

ဒါကြောင့် ဒီတစ်ခါတော့ ၀င်းဂါး အသင်းကိုဘယ်လို အလှည့်အပြောင်းဖြစ်အောင် လုပ်မလဲဆိုတာ စိတ်ဝင်စားစရာ ပိုကောင်းလာနေတယ်။ အသင်းရဲ့ ဒုဥက္ကဋ္ဌဟောင်း ဒေးဗစ်ဒိန်းကတော့ အကြံပေးနေတယ်။ အသင်းကို ရုရှားဘီလျံနာ အူစမာနော့ဗ်လက်ထဲကိုရောင်းပြီး တစ်ခြား ပရီးမီးယားလိဂ်အသင်းတွေရဲ့ လမ်းစဉ်အတိုင်းလိုက်၊ ဒါဆိုရင် အသင်းအတွက်လည်း ငွေရေး ကြေးရေးအပိုင်းမှာ ပြည့်စုံသွားပြီး ၀င်းဂါးလုပ်ရ ကိုင်ရတာ ပိုအဆင်ပြေနိုင်တယ်၊ အာဆင်နယ်အနေနဲ့လည်း ဒါမှသာ မန်ယူ ၊ချယ်လ်ဆီးလို အသင်းကြီးတွေကို ယှဉ်နိုင်လိမ့်မယ်လို့ ဆိုနေတယ်။

အခုလောလောဆယ်မှာတော့ အာဆင်နယ်အနေနဲ့ အသင်းမှထွက်ခွာသွားသူတွေနဲ့ အသင်းမှ မထွက်ခွာသွားသူတွေနဲ့၊ သွားနိုင်သူတွေနေရာ အစားထိုးနိုင်ဖို့ မာဆေးမှ နာဆရီနဲ့ ကာဒစ်ဖ်မှ ရမ်ဆေးတို့နှစ်ယောက်စလုံးကို ခေါ်ထားပေမယ့် ၊ (၂)ယောက်စလုံး အတွေ့အကြုံနုနယ်သေးတဲ့အတွက် ချက်ချင်းအားကိုးရဖို့ မရှိသေးဘူး။ ဒီတော့ အသင်းရဲ့ အဓိက ကစားသမားတွေကိုပဲ သူတို့လိုချင်တဲ့ လစာပေးပြီး အသင်းမှာ ဆက်ထိန်းထားမလား၊ သူတို့ကို အကျိုးအမြတ်ရှိတုန်း ရောင်းထုတ်ပြီး၊ ရလာတဲ့ငွေနဲ့ အခု နာဆရီ၊ ရမ်ဆေးတို့လို ကစားသမားမျိုးတွေ ထပ်ရှာတယ်ပြီး အာဆင်နယ်ရဲ့ အနာဂတ်ကို တည်ဆောက်မလား၊ ၀င်းဂါးတစ်ခုခုတော့ ဆုံးဖြတ်ရပါတော့မယ်။


Comments (0)